www.aungwintun.blogspots.com
ငါ့ရဲ့ ဘဝညခင်း အလင်း မရှိလည်း ဆီမီး နဲ့တင် ဖြစ်တယ်
Monday, 17 February 2020
Sunday, 30 December 2018

Thursday, 8 November 2018
ခိုဇီရောင် ကောက်ကြောင်း
အ၀င်အထွက်
အတက် အဆင်းတွေများတယ်၊
တစ်ခရီးတည်း အတူလာ
အတူသွား အတူစား
ပညတ်ချက်တော့ ကွဲလွဲ ........။
ကိုယ့်ကိုယ်ကို တော့ချစ်
စစ်တွေဖြစ် အတ္တမီးလျှံတွေကြား
မကြွေသင့်တာတွေ ကြွေ
မဝေသင့်တာတွေ ဝေနေရ .........။
အရှုပ်တွေ လုပ်နေတဲ့ လူတွေကြား
ရေးလိုက် ဖျက်လိုက်
ဖျက်လိုက် ရေးလိုက်နဲ့
သေမင်း လည်း အလုပ်တွေရှုပ်နေပြီ ........။
Wednesday, 7 November 2018
ရာသီလွန်ပန်းတစ်ပွင့်၏သံဝေဂ
(၁)
ဖြစ်ပြီးရင်ပျက်ရတယ်ပဲဆိုပါစို့...
အပျက်တရားနဲ့ဖူးပွင့်လာခဲ့တဲ့ ဧည့်သည်
ကျနော် ရှင်သန်တယ်
ထို့ကြောင့်...ကျနော်ရှိတယ်..။
ကျနော်ရှိတယ်။
ထို့ကြောင့် ...ကျနော်ရှင်သန်တယ် ။
ရှင်သန်ခြင်းအပိုင်းအစများကို
ဝါဒီနှစ်ခုကြား ချကျွေးရင်း တွေးရင်း ငေးရင်း
ဘာတစ်ခုမှ ဟုတ်တိပတ်တိမလုပ်ဖြစ်ခဲ့ဘူး ။
ဝေးခဲ့ပြီ ဝေးသွားခဲ့ပြီ
လူဖြစ်ရခြင်း၏အဓိပ္ပါယ်ဘယ်ဆီမှာ...
(၂)
ဒါဟာ ရှောင်လွှဲမရနိုင်ဘူးပဲဆိုပါစို့...
စိုက်ပျိုးခဲ့သမျှ ရိတ်သိမ်းရတော့မည့်အချိန်
တောင်စွယ်မှာနေကွယ်လုပြီ ။
မရဏအနမ်း ထွေးပွေ့လာမှ
ဘ၀ကို တကူးတက ပြန်ဖတ်မိတယ် ။
နှောင်းလူတို့...ဆွတ်ယူစားသုံးစရာ
ငါ့ဥယျာဉ်မှာ သစ်သီး မသီးခဲ့ဘူး...
လက်ညှိုးထိုးညွှန်းပြစရာ ဘာတစ်ခုမှမကျန်ခဲ့ဘူး...
ငါ့ကိုခွင့်လွှတ်ပါ...ငါ့ကိုခွင့်လွှတ်ကြပါလေ...
(၃)
အမှားသည် အမှားတွေထဲကအမှားတစ်ခုပဲဆိုပါစို့...
ငါသည် အမှားလက္ခဏာများ၏သင်္ကေတ
ငါသည် အမှားလက္ခဏာများ၏ပုံရိပ်
ငါသည်အမှားလက္ခဏာများ၏မီးရှူးတန်ဆောင်
တစ်ကိုယ်ရည်လမ်းကျဉ်းကလေးသာ/အတ္တကလေးသာ
လူမွေးလူရောင်ပြောင်ခဲ့ရ...
ဘ၀မှာ အမှားကို အမှားနဲ့ဖာထေးရင်း
မှန်သယောင်ယောင်ဆောင်ခဲ့မိတာ/ထင်ခဲ့မိတာ အကြိမ်ကြိမ် အခါခါ
လူဆိုတာ အမှားနဲ့မကင်းနိုင်ဘူးဆိုပေမယ့်
ဘ၀ကို ဘ၀နဲ့ချီပြီး မှားခဲ့မိတဲ့နောက်တော့
မီးဇာကုန်၍ှချုပ်ငြိမ်းရတော့မည့်နောက်တော့
လူဖြစ်ရခြင်း၏အဓိပ္ပါယ်ဘယ်ဆီမှာ...
(၄)
ဒါတွေဟာ ဖြစ်တတ်ကြတယ်ပဲဆိုပါစို့...
ငါ့ကိုနားလည်ပေးပါ။
ငါ့ကိုခွင့်လွှတ်ကြပါ။
ဆန္ဒလေးတစ်ခု တောင်းဆိုခဲ့ပါရစေ...
ငါ့အတွက်တော့ မျက်ရည်မကျကြပါစေနဲ့...
ဘယ်သူတစ်ဦးတစ်ယောက်မှ ငါ့အတွက်မျက်ရည်မကျပါနဲ့
တစ်ပါးသူအတွက် မျက်ရည်ဟူသည်
ဝမ်းနည်းခြင်းကို ကိုယ်စားပြုသော
ကိုယ်ချင်းစာတရားကို ကိုယ်စားပြုသော
လူတော်လူကောင်းများဆုံးရှုံးရခြင်းအပေါ် တမ်းတခြင်းကို ကိုယ်စားပြုသော
အထက်တန်းကျသည့် ရေ ။
ဒါတွေငါနဲ့မတန်ပါလေ ။
(၅)
အစနဲ့အဆုံးရဲ့ပဋိပက္ခမှာ
နိဂုံးချုပ်ခြင်းနဲ့လွတ်မြောက်ခြင်းရဲ့ သံဝေဂမှာ
အစဉ်အလာတွေဘယ်လိုရှိရှိ
မခမ်းနားသောညသည်
အလင်္ကာမဲ့သောကဗျာတစ်ပုဒ်လို
အဖတ်ဆည်စရာစကားလုံး
ကြွေကျ...မြေခ...ကြေမွ..သွားခဲ့ရတဲ့နောက်
မခံချိမခံသာအပြုံးလေးပဲလက်ဆုပ်လက်ကိုင်ပြနိုင်ခဲ့ရတယ်...
နစ်မြုပ်ခဲ့ရပုံက ရင်နင့်စရာ ။
(၆)
ယှက်နွယ်ခဲ့သမျှ
စုတ်...ပြတ်...စို့...နင့်...
ခြေပစ်လက်ပစ်စာမျက်နှာများဆီ
အစွမ်းကုန်လောင်မြိုက်ပြီးမှ
ဘ၀ရဲ့ရေတိမ်ရေနက်ကိုသိခဲ့ရတယ်။
လူဖြစ်ရခြင်း၏အဓိပ္ပါယ် ဘယ်ဆီမှာ....

အခန်းဆက် အလွမ်းစက်
အဝေးပြေးကားတွေပေါ်
အဝေးပြေးဘဝတွေ ထိုင်ခုံလွတ်မရှိဘူး
ကျွတ်ကျခဲ့တဲ့ ဖိနပ်တစ်ဖက်ဟာ ငယ်ဘဝ ဆိုလား
အရှိန်နဲ့ တစ်မြို့ စီ ဖြတ်တယ်
အရိပ်မရလို့  ခုတ်ထစ်ခံ လိုက်ရတဲ့ လွတ်လပ်မှု
ကိုယ်စီ ပဲ့ထွက်ခဲ့ တစ်နယ်တကျေး
တွယ်ချိတ်ထားတဲ့စိတ်လည်း
မျက်ရည်စိုတာနဲ့  သံကြေးတက်လွယ်
ဘဝကို လရောင်နဲ့ ကြိုးညှိ ဖို့ 
လမ်းသွားလမ်းလာ အလန်းဇယားတွေမှာ
ငါတို့  အနံ့ တွေ ပါမလာတော့ဘူး
တီးမိခေါက်မိရုံ အသံမြည်နေတဲ့ ကမ္ဘာ
ရွာဆန်နေပုံက
တစ်ရွာတည်းနေတာတောင် တစ်ရေတည်းသောက်မရ
မင်းလည်း
မြဝတီ ဆိုလား
ဘန်ကောက် ဆိုလား
ရောက်တတ်ရာရာ တံတားဆောက်ဖို့ 
ငါလည်း
မြို့ ပြသစ်ကိုင်းမှာ ရာသီမရွေးကြွေ ဖို့ 
အသက်ကို အနုပညာနဲ့  ထုပ်ရင်း
ရင်ဘတ်အလွတ်မှာ စက်ရုံဆောက်လို့ 
ခေတ်က
ကိုယ်ပျောက်လေယာဉ်ခေတ်ဆိုတော့
ကိုယ်ပျောက် ကဗျာ တစ်ပုဒ်
သတ္တုဓါတ်များတဲ့ ငါ့အလွမ်းနဲ့ ထုတ်လုပ်လိုက်တယ် ။
ဆူးရဲ
Subscribe to:
Posts (Atom)