Monday, 20 February 2017

ထွက်​​ပေါက်


ဧဒင်မှာ ဧ၀ တစ်ယောက်တည်း မို့
အာဒံအဖို့ ရင်ခုန်တာ မဆန်းပေမဲ့
လျှမ်းလျှမ်းတောက် မိန်းကလေးတွေပေါတဲ့ကမ္ဘာမှာ
မင်းတစ်ယောက်သာ ချစ်မိတဲ့ ငါက ရူးနှမ်းနေလို့လား .....

ဦးကျည်ပွေ့မှာတောင် အတက်ထွက်ခဲ့သေးတာပဲ
ငါ့ရင်ဘတ်မှာလဲ ဖြတ်ထုတ်ရခက်
အတက် တစ်ခု ထွက်ခဲ့ပြီလေ
မင်းကြောင့်ပေါ့ မိန်းကလေးရယ် ...

အားမတန် မာန်လျှော့ ဆိုပေမဲ့
အသွားအပြန်တော့ ရှိသင့်ရဲ့
မနက်ဖြန်ဆိုတာ ဘာမှန်း မသိတဲ့ဘ၀မှာ
အသေအချာ ရှိတာက အလွမ်းစုတို့ ...

အနမ်းပြုဖို့အားယူထားတဲ့ ပါးပြင်ကို တမ်းတ
အဲဒီ အချမ်းညတွေ အတွက်
အခန်းဝကိုပဲ ထွက်အော်ရမလား
အနာဂတ်ကိုပဲ တွက်မျှော်ရမလား ....

ရင်နဲ့ မချိအောင်ခံစားရပါတယ်ဆိုမှ
သူမ မသိတာ ဆိုးလိုက်တာ
ဘာကိုမှ ယိုးမယ်မဖွဲ့တော့ပါဘူး
အဲဒီမီးခိုးငွေ့တွေကြား ဒီညကုန်သွားပါရစေ ....

ဘာမှ မထားချင်ဘူး
ရပင့်နဲ့ ဝေးနေတဲ့ဘ၀မို့
ရရစ်ကို အဖော်ညှိ
ဓါးစာခံ အဖြူရောင် နတ်သမီးတို့ သိတယ် ....

တောင်းပန်ပါတယ်ဗျာ
ရင်ထဲမှာ ဗြောင်းဆန်နေသမို့
ကဗျာတို့ ရေးမိပါတယ်
နားလည်ကြည့်ပေးပါ ပရိတ်သတ်ကြီးရယ် ....

No comments:

Post a Comment