Tuesday, 7 March 2017
သဲလွန်​စ ​တွေကို ရှာ​တွေ့မှာပဲ့ ဆိုတာ သံသယ ဖြစ်​စရာ မလိုဘူး
________________________
သာမန်ဖြစ်စဉ်တစ်ခုအဖြစ် တွေဝေမှုတစ်ခုခုအပေါ် ကိုယ်စားပြုပြီးသားဖြစ်နေတတ်သတဲ။့ ချစ်ခြင်းမေတ္တာတွေကို မိတ္တူပွားပြီး လိုက်ဝေနေသလား ။
အရပ်ရှစ်မျက်နှာလုံးနာမကျန်းဖြစ်တော့မယ်။
ခံစားချက်ဆိုတာလည်း လူကလုပ်တဲ့အတွေးအခေါ် ။
နေရခက်ခဲတဲ့အခါ ထိတွေ့ခံစားမိတဲ့အာရုံတိုင်းဟာ နိဗ္ဗာန်ပဲ မှတ်ယူသင့်တယ်မို့လား။
ပြက္ခဒိန်ကို ကြည့်တယ်ဆိုတာ ဒဏ်ရာတွေရေတွက်တာပဲ။
ပြက္ခဒိန် ကြည့်တယ်ဆိုတါ ဘာသာရေးလုပ်တာပဲ ။
ပြက္ခဒိန် ကြည့်တယ်ဆိုတာ အမှန်တရားရဲ့အနားသတ်ကို ပေတံနဲ့တိုင်းတာတာပဲ။
ပြန်အမ်းလို့မရတဲ့ ဒဏ်ရာတွေကိုပဲ ငါ တရားမှတ်ပါတယ်။
မတော်တဆ ဘလိတ်ဓားဟာ ငါ့ လက်ကောက်ဝတ်ပေါ် လာနားတယ်။
ဘလိုင်းကြီး ၀ဋ်လိုက်ခံရတာပဲ။
ဘဝင်မကျစရာတွေကအများကြီးပဲ အသက်ရှူကြပ်တယ်။
မရဏဟာ အဆုံးစွန်ခံစားမှုတစ်မျိုးနဲ့။  ချစ်စရာကောင်းတဲ့ဗီလိန် ငါတွေ့ခဲ့တယ် ။
ရောရောထွေးထွေး ၊ ငရဲ ၊အကုသိုလ် ၊ သံဝေဂဥာဏ် ၊ သံသရာ ။
နာကျင် အချိန်ပိုဟာဘယ်အရက်ဆိုင်က ထ လာတာလဲ ။
သေခြင်းသာလျှင် နေပျော်တဲ့ ဘ၀။
ငါ့ဖြစ်တည်မှုကို ရိုတ်ချိုးမိတော့မယ်။
ဆု​တောင်းစကား
အပြုံးကိုဖိတ်​ အမုန်းပိတ်​၍
အရူံးအမြတ်​ မထည့်​တွက်​ပဲ
နှလုံးရင်​မှာ ဖြူစင်​စွာဖြင့်
မေတ္တာ​ရေစီး ချစ်​ခရီးမှာ
နှစ်​ကိုယ်​လက်​မြဲ တူယှဉ်​တွဲ၍
အ​အေးအပူ အတားဟူသမျှ
တူနှစ်​ကိုယ်​မျက်​နှာ ကြည့်​ရှူကာဖြင့်
ကျော်​လွားဖြတ်​သန်း မငြီးစတမ်းမို့
ချစ်​လမ်းခရီးမှာ ဆူးခင်းလာလဲ
ပန်းခင်းထားလို အတူနင်း​ခြေ
သစ္စာ​မြေမှာ ချစ်​အိမ်​​လေး​ဆောက်
နှစ်​​ယောက်​ဘဝ စွယ်​​တော်​ရွက်​သို့
လှပ​စေ​ကြောင်း ဆုမွန်​​တောင်းရင်း
ချစ်​သူတိုင်းလည်​ ညားပါ​စေ~~~~~
Monday, 20 February 2017
ထွက်​​ပေါက်
ဧဒင်မှာ ဧ၀ တစ်ယောက်တည်း မို့
အာဒံအဖို့ ရင်ခုန်တာ မဆန်းပေမဲ့
လျှမ်းလျှမ်းတောက် မိန်းကလေးတွေပေါတဲ့ကမ္ဘာမှာ
မင်းတစ်ယောက်သာ ချစ်မိတဲ့ ငါက ရူးနှမ်းနေလို့လား .....
ဦးကျည်ပွေ့မှာတောင် အတက်ထွက်ခဲ့သေးတာပဲ
ငါ့ရင်ဘတ်မှာလဲ ဖြတ်ထုတ်ရခက်
အတက် တစ်ခု ထွက်ခဲ့ပြီလေ
မင်းကြောင့်ပေါ့ မိန်းကလေးရယ် ...
အားမတန် မာန်လျှော့ ဆိုပေမဲ့
အသွားအပြန်တော့ ရှိသင့်ရဲ့
မနက်ဖြန်ဆိုတာ ဘာမှန်း မသိတဲ့ဘ၀မှာ
အသေအချာ ရှိတာက အလွမ်းစုတို့ ...
အနမ်းပြုဖို့အားယူထားတဲ့ ပါးပြင်ကို တမ်းတ
အဲဒီ အချမ်းညတွေ အတွက်
အခန်းဝကိုပဲ ထွက်အော်ရမလား
အနာဂတ်ကိုပဲ တွက်မျှော်ရမလား ....
ရင်နဲ့ မချိအောင်ခံစားရပါတယ်ဆိုမှ
သူမ မသိတာ ဆိုးလိုက်တာ
ဘာကိုမှ ယိုးမယ်မဖွဲ့တော့ပါဘူး
အဲဒီမီးခိုးငွေ့တွေကြား ဒီညကုန်သွားပါရစေ ....
ဘာမှ မထားချင်ဘူး
ရပင့်နဲ့ ဝေးနေတဲ့ဘ၀မို့
ရရစ်ကို အဖော်ညှိ
ဓါးစာခံ အဖြူရောင် နတ်သမီးတို့ သိတယ် ....
တောင်းပန်ပါတယ်ဗျာ
ရင်ထဲမှာ ဗြောင်းဆန်နေသမို့
ကဗျာတို့ ရေးမိပါတယ်
နားလည်ကြည့်ပေးပါ ပရိတ်သတ်ကြီးရယ် ....
ရင်​ကွဲ
ရင်ကွဲ
ခွမ်း .......
..............
..............
တစ်စုံတစ်ခု ထိခိုက်မှုဖြစ်သွားနိုင်သလို
တစ်စုံတစ်ခု ကွဲရှသွားသည်လည်း ဖြစ်နိုင်သည် ...
ပတ်ဝန်းကျင်ကို စေ့စပ်သေချာသော
စူးစမ်းရှာဖွေမှုပြုပြီးသည်နောက်
ထိုအသံကို အဖြေပေးနိုင်သည့်
တစ်စုံတရာသော အကြောင်းအရာမှ မတွေ့ခဲ့ရ ....
သင်္ကာမကင်း ...
သူ့ရင်တွင်း ငုံအကြည့်
တိခနဲ မဟုတ်သော အက်ကွဲကြောင်းတစ်ခုနှင့်
ဘယ်ဘက်ရင်အုံမှ နှလုံးသား ....
မေ့လိုက်ပါတော့ ဆိုတာ
မြန်မာလို ရေတွက်ကြည့်တော့
စာကားလုံး လေးလုံးတည်းရယ်ပါ ...
ဒါပေမဲ့ ...
အဲဒီစကားလုံး လေးလုံးရဲ့အောက်
လူတစ်ယောက်မှာ
အ သက် ပျောက် လု မ တက် .... ။
&&&&&&&
Thursday, 21 January 2016
သူငယ်​ချင်း ​ပေးတဲ့ ကဗျာ
ပြောလက်စ စကားတွေမကုန်ခင် 
ရေးလက်စ စာတွေမဆုံးခင် 
ဆိုလက်စတေးသွားလေး မဆုံးခင် 
ဆွဲလက်စ စုတ်ချက်တွေ မပီပြင်သေးခင် 
ငါတို့တွေ ဝေးဝေးသွား…။ 
သူငယ်ချင်းရေ … 
ကျန်းမာရေးဂရုစိုက်ပါ 
နွေးနွေးထွေးထွေးနေပါ 
အစားအသောက်ဆင်ခြင်ပါ။ 
မင်းအားငယ်နေတဲ့အခါ 
ငါပြောဘူးတဲ့ စိတ်အဟာရဆေးတွေကိုတိုက်ကျွေးပါ။ 
မင်းဘေးမှာငါမရှိလည်း ငါပြောခဲ့တဲ့စကားတွေက 
အရိပ်လိုမင်းဘေးမှာရှိနေတယ်။ 
မင်း 
ဖမ်းဆုပ်လိုက် အားငယ်နေတာတွေ ပျောက်ရှသွားအောင် 
ရှုရှိုက်လိုက်ပါ။ 
ဘ၀ဆိုတာက 
ဝိုင်းကြီးပက်ပက်လေ 
ငါတို့တွဲခဲ့တဲ့လက်တွေဖြုတ်မချသ၍ 
ဘ၀က ဒူဝေေ၀ဖြစ်နေမှာပဲ။ 
မင်းနဲ့ငါက 
ခဏလေးဝေးတာပါ 
မင်းရင်မှာငါဆိုတဲ့ 
အတ္တကြီးတဲ့ကောင်လေးရှိနေသလို။ 
ငါ့ရင်မှာလည်း အရမ်းအားငယ်တတ်တဲ့ 
ချစ်ဖို့ကောင်းတဲ့ 
သူငယ်ချင်းလေးရှိနေရဲ့လေ။ 
တစ်ခါတစ်ခါ 
သံယောဇဉ်တွေကိုစည်းကမ်းပိုပိုချတတ်တဲ့ငါက 
မင်းထင်သလို မင်းအပေါ်သံယောဇဉ်တွေ 
လျှော့သွားမှာမဟုတ်ပါဘူးကွာ
ငါက ၂၄ နာရီပတ်လုံး 
အဆင်မပြေမှုတွေနဲ့ထွေးလုံးရစ်ပတ် 
ဝေဒနာနဲ့ ခံစားချက်တွေက 
နှံပြည်စုတ်နဲ့ မိုးကောင်းကင်လိုမမျှတဘူး
ကြေကွဲဖြစ်တိုင်း 
နာကျင်မိတိုင်း 
တစ်ကိုယ်တော်အဆွေးသီချင်းတွေဟစ်ဟစ်အော် 
ငါ့လည်ချောင်းတွေလည်းကွဲရှနေခဲ့ပြီ
ပြောလက်စစကားတွေမကုန်ခင် 
နေ၀င်ဆည်းဆာကပိုလို့တောက်ပလာရဲ့
သူငယ်ချင်း
မင်းနဲ့ငါက 
ပေတီးတူတူ မလှိမ့်ဘူးပါဘူး 
သရေကွင်းလည်းတူတူမပစ်ဘူးပါဘူး 
တူတူပုန်းတမ်းလည်းမကစားဘူးပါဘူး။ 
ဒါပေမဲ့.. 
ငါ့နံနက်ခင်းတိုင်းမှာမင်းရှိတယ် 
ညနေခင်းတိုင်းမှာလည်း မင်းတွဲခိုတယ် 
ညခင်းတိုင်းမှာလည်း မင်းကလင်းရှင်းတယ် 
ငါ့အပေါ်မင်းအရိပ်တွေက ထီးလိုမိုးထားရဲ့ဆိုတာ 
မင်းယုံကြည်ပါ။ 
ငယ်ငယ်တည်းက 
နှုတ်ဆက်လက်ပြဖို့ဆိုရင်မဆိုင်ရဲခဲ့တဲ့ကောင်က 
နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ရမယ်ဆိုတော့ 
တုန်လှုပ်နေခဲ့တာကိုမင်းသိမှသိပါလေစ။ 
ငါ့ကိုခွှင့်လွှတ်ပါ... 
ငါမင်းကိုဘယ်တော့မှနှုတ်မဆက်ဘူး။ 
သွားမှာသာသွားပါ 
မင်းစိတ်ချလက်ချသွားပါ 
မင်းကျောခိုင်းခဲ့တဲ့အရပ်ကနေ 
မင်းကျောပြင်ကိုငေးရင်း 
ငါမင်းအတွက်ဆုတောင်းပေးနေမယ်။ 
မင်းခြေချတဲ့အရပ်မှာ 
မင်းခြေထောက်ကိုအောင်မြင်မှု့တွေကညင်သာစွာနမ်းရှိုက်ပါစေ.. 
အောင်မြင်မှု့တွေက ထွေးပွေ့နှုတ်ဆက်နေပါစေ 
အောင်မြင်မှု့တွေက သီးပွင့်ဝေဆာနေပါစေ... 
တစ်စုံတစ်ရာက မင်းအတွက်ကံကောင်းခြင်းတံခါးကို 
အဆင်သင့်ကြိုဖွင့်ထားပါစေ... 
အဲ့ဒီလိုနဲ့ငါတို့ 
ပြောလက်စစကားတွေမကုန်ခမ်းခင် 
ရေးလက်စ စာကြောင်းတွေမဆုံးခင်။ 
လိုက်ကာက ကျလုပြီ 
ဆည်းဆာကခမ်းလုပြီ.. 
မင်းကျောခိုင်းမဲ့ဟော့ဒီအရပ်မှာ 
မင်းအတွက် ဆုတောင်းပေးနေမဲ့သူငယ်ချင်းများစွာ 
မင်းကိုစိတ်ချလိုက်ပါရစေဆိုတဲ့ 
အကြင်နာမျက်ဝန်းပေါင်းများစွာ။ 
သူငယ်ချင်းရေ….. 
မင်းကိုငါ နှုတ်မဆက်တော့ဘူး။ 
ငါတို့တွေပြန်ဆုံမဲ့တစ်နေ့မှာ 
ငါတို့တွေ အောင်မြင်မှု့တွေနဲ့သီးပွင့်ဝေဆာရင်း 
အပြုံးတွေဖလှယ်။ 
မင်းကိုငါဘယ်လောက်လွမ်းကြောင်း 
ငါ့ကိုမင်းဘယ်လောက်သတိရကြောင်း 
အဲ့ဒီလိုပေါင်းခံရင်း... 
ပခုံးချင်းဖက်ရင်း 
လက်ဆွဲနှုတ်ဆက်ရင်း အမိမြေရဲ့ရှင်းသန့်တဲ့လေကို 
မင်းနဲ့အတူတူ 
တစ်ဝကြီးရှုရှိုက်ကြပါဦးမယ်။ 
ငါ …… 
နှုတ်မဆက်တော့ဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။ ။ 
Saturday, 26 September 2015
အတူဆုံ​တွေ့မယ့်​ ​နေ့
ငွေနှင်းမှုံ နေခြည်သိုင်းလို့ ဖြူလွှလွှစနိုးပွင့်တို့ဆင်းသက်တော့မည့် ဟန်ချီ
မြောက်ပြန်လေရူး တသုန်သုန်တိတ်ခတ်မြူးတော့
ကိုယ့်ချစ်သူလေးချမ်းရှာရော့မည်
အရမ်းလွမ်းလှပြီ ဒီအသဲပန်းကို တိတ်တိတ်လေးခူးဆွတ်သွားသူရယ်
ဆောင်းဦးဟေမာန်သို့ မျှော်တလင့်လင့်နဲ့ရောက်ပြန်တော့မယ်
မျှော်သာမျှော်လျှက်အခေါ်ခက်ပြန် နှုတ်ဆက်ရန်လည်းမဝံ့ရဲတဲ့အဖြစ်တွေမို့
လေလှိုင်းမှတစ်ဆင့် ရင်ထဲကစကားပွင့်တွေကို အမှာပါးခဲ့ပါ့မယ်
ကိုယ့်အချစ်တွေ သဇင်ရနံတို့နဲ့အတူ မင်းရင်ထဲခိုနားခွင့်ပြုပါ ချစ်သူ
အင်တာနက်အချစ်နတ် ဖမ်းစားခြင်းခံရတဲ့ကိုယ့်ရင်မှာ
အစွဲလမ်းတွေပို လွမ်းရနံ့တွေဝေနေလေတော့ နေ့နေ့ညညမေ့မရခဲ့ဘူး
မခိုင်စိတ်ထားလွမ်းရက်ရှည်တွေကြားမှာ
ရင်ထဲကပဲ့တင်သံ မင်းအတွက်ကဗျာရွက်သံတွေဖြစ်ခဲ့ရပြီ
ကဗျာလေးတွေရွက်ဆို အတူဆုံတွေ့မယ့်နေ့ကိုစောင့်မျှော်ရင်း
 ဒို့ လွမ်းနေတယ်ချစ်သူရယ်.....။
အောင်​မြင်​​သော လူဟု ​ခေါ်ဆိုအပ်​​သော လူ
ရည်မှန်းချက်ထားပါ။
အိပ်မက်ကြီးကြီးမက်ပါ။
ရည်ရွယ်ချက်ကြီးကြီးထားပါ။
အလုပ်မှန်သမျှစူးစမ်းလေ့လာပါ။
စနစ်တကျလုပ်ဆောင်ပါ။
စိတ်ရှည်ပါ။
သည်းခံပါ။
ဇွဲရှိပါ။
အလုပ်တစ်ခုကို အာရုံစူးစိုက်၍ ရေရှည်လုပ်ကိုင်ပါ။
လူတန်းစားမရွှေး ဖော်ရွှေစွာ ပေါင်းသင်းဆက်ဆံပါ။
အချိန်ကို တန်ဖိုးရှိစွာ အသုံးချကုန်လွန်ပါစေ။
အချိန်ကို  အကျိုးမဲ့ အချီးအနှီး မကုန်လွန်ပါစေနှင့်
အချိန်ပိုနေသည်  ထင်ပါက အတတ်ပညာ တစ်ခုခုကို  သင်ယူပါ။
အချိန်ပိုနေသည်  ထင်ပါက  အသိပညာ  တစ်ခုခုကို  လေ့လာပါ။
ယခု ရှိသောအချိန်ကို တန်ဖိုးရှိစွာ  အသုံးချတတ်ပါစေ။
ကုန်လွန်သွားသော အချိန်ကိုပြန်ယူ၍ မရနိုင်သလို  မရောက်သေးသော  အချိန်ကို
မမျှော်မှန်းပါနှင့် လက်ရှိအချိန်သည်  သင့်အတွက်  အဖိုးတန်ဆုံး  အချိန်ဖြစ်သည်။
ယခု ရှိနေသောအချိန်သည် သင့်အတွက် တန်ဖိုးရှိသောအချိန်ဖြစ်၍
တန်ဖိုးရှိစွာ အသုံးချတတ်ပါစေ။
အလုပ် လုပ်နေသော သူသည် အမှားမကင်းနိုင်ပါ။
မည်သည့်အလုပ်မျှ  မလုပ်သောသူသည်  မည်သည့်အမှားမျှ  မရှိနိုင်ပါ။
အခက်အခဲမှန်သမျှ  ကြုံတွေ့လာလျှင် စိတ်ဓါတ်မကျပဲ ကြံကြံခိုင်  ရင်ဆိုင်နိုင်မှ
လောကတွင် အောင်မြင်နိုင်သည်။
မည်သည့်  အခက်အခဲမဆို ကျော်လွှား  ဖြတ်သန်းနိုင်အောင်ကြိုးစားပါ။
သူတပါးကို အပြစ်ပြောဆိုခြင်းကို တတ်နိုင်သမျှရှောင်ပါ။
မိမိကိုယ်ကိုသာ ဝေဖန်စမ်းစစ်ပါ။
အလုပ် လုပ်နေသောသူကို  အလုပ် မလုပ်သော သူကပြစ်တင်  ဝေဖန်တတ်ပါသည်။
မိမိကောင်းကျိုးကိုရှေ့ရှု ဆောင်ရွက်တတ်သလို ..လောက၊ သူတပါး၏
ကောင်းကျိုးကိုလည်း ဆောင်ရွက်ပါ။
တစ်နေ့တာပြုမူဆောင်ရွက်  ပြောဆို လုပ်ကိုင်ချက်များသည်  မိမိအကျိုး  သူတပါးအကျိုး
သံသရာအကျိုး ရရှိမှသာ လူဘ၀တွင်လူဖြစ်ရကျိုးနပ်၍  အောင်မြင်သော
လူသားတစ်ဦးဖြစ်နိုင်သည်။
မိမိ အတ္တသာရှေ့ရှု၍   မိမိကောင်းကျိုးသာ သိသောသူသည် ကျင့်သောသူသည်  စည်းစိမ်ဥစ္စာ
မည်မျှရှိနေစေ  ရာထူးဂုဏ်ထူး မည်မျှရှိနေစေ    ပညာမည်မျှတတ်နေစေ ထိုသူသည်
လောကတွင် တစ်ခဏ တစ်ဘ၀သာ အောင်မြင်သည့်သူဖြစ်သည်။
နောင်သံသရာ  ယ္ခုဘ၀   လူသားစင်စစ်ဧကံ ဖြစ်နေသော်လည်း  လူဖြစ်ရှုံးနေသော
လူသား တစ်ဦးသာဖြစ်မည် ။
ထိုသို့သောလူအား  အောင်မြင်သည်ဟု  မမြင်ထိုက်ပါ။
လူသားအခြင်းခြင်း  ကူညီစောင့်ရှောက် ဖေးမကြင်နာ  သနားငဲ့ငြာတတ်မှသာ
သင်သည်  လူ့ဘ၀တွင်  လူဖြစ်ရကျိုးနပ်၍   အောင်မြင်သောလူသားစင်စစ်
ဧကံဖြစ်ပေလိမ့်မည်။
အောင်မြင်သောလုပ်ရပ်ကို  လုပ်ဆောင်ပြုမူနေသော  ထူးချွန်ထက်မြက်သည့်
 လူဟုခေါ်ဆိုအပ်သော  လူဖြစ်ပေလိမ့်မည်။
သင်သည်တစ်နေ့ တစ်ချိန်တွင် မုချအောင်မြင်နိုင်ပါသည်။
အောင်မြင်မှုသည်  သင်၏ လက်တစ်ကမ်းမှာ ရှိသည်။
ကိလေသာတဏှာ  ကမ္ဘာ
အတ္တ  မိုးလောက်
မာန  တံခွန်ထူ
လောဘ  တောင်တန်း
ဒေါသ   လျှပ်စီးလက်
သောက  မြစ်ပြင်ကျယ်
သမုဒ္ဒရာ  လှေငယ်တစ်စီးပေါ်မှာ
သံယောဇဉ်   လူသားတစ်ဦး
မေတ္တာ  တရား
လက်မှာ  ကိုင်၍
ဘ၀ ကိုလှော်ခတ်နေတယ်။