မြစ်ပဲ မြစ်လိုကွေ့ပြီး မြစ်လို တွန့်ပစ်လိုက်မယ်
ပင်လယ်လို ထန်ပြီး တောင်လို မောက်ပစ်လိုက်မယ်
မြစ်ရဲ့ ကိုယ်ဝန်အရင့်အမာကို
ပင်လယ်က ရင်ခေါင်းထဲကနေ ဒီရေနဲ့ ပြန်ပို့လိုက်သတဲ့
မြစ်ရဲ့ သန္ဓေဟာ မြစ်ထဲမှာပဲ သားလျှောလို့
သွေးနုသားနု သားဆိပ်တက်နေတဲ့ မြစ်တွေ
မြစ်တွေ…. မြစ်တွေ…. တရွေ့ရွေ့ တွားသွား ကုန်းမြေတွေဆီ
ဘီသိုဗင် သံစဉ်နဲ့ မဟုတ်ဘူး။
စိန်ခြူးကြာညောင်အသွားနဲ့ မဟုတ်ဘူး
အာဖရိက ဗုံသံ ကြွက်သား လင်ပစ်မ တီးလုံးနဲ့ ကခုန်ဖို့
သောင်ခုံကို ဖနောင့်ပေါက်လိုက်တာနဲ့ မြစ်တွေ
မြို့ထက် ကြွပြီး မြို့ထက် မြင့်သွားတယ်
ဟောသမှာ…. ပဲ့တင်သံတွေ တုန်ခါဟီးထ
ပတ်မသံနဲ့ ဗျောသံနဲ့ အိုးစည်ဝိုင်းနဲ့
ရေတက်ရေကျ အသွားအပြန် နိုင်လွန်လမ်းမတွေမှာ
လမ်းဆုံလမ်းခွ ဟွန်းမတီးရဇုံ မီးပွိုင့်တွေမှာ
သူ့ဆူးတောင် ထောက်ထောက်ပြီး ဖျတ်ဖျတ်လူး
မြစ်တွေ ကခုန်ကြ ခုန်ကြ ခုန်ကြ မြို့ဟာ ၀တ်ရုံကို တစ်လွှာပြီး တစ်လွှာ ချွတ်ချ
ဒီလိုလဲဆိုကြ မြစ်တွေ မစီးတဲ့ မြေပုံဟာ ပထ၀ီအရိုးစု
ရေဝေရေလဲ သုဉ်းသွားတဲ့ မြေရိုင်းဇုံ
ငါ့မြင်း ငါစိုင်း ငါလှိုင်း ငါပြန်စီး ပြောင်းပြန်စီးဖို့ အသင့်ဖြစ်နေတဲ့ မြစ်
မြစ်တွေ အခုပဲ မြို့ကို ခွစီးနေပြီ
မြို့ဟာ မြစ်နဲ့အတူ ဗုံသံနဲ့ ကခုန်နေပြီ။ ။
နေစိမ့်
(မျက်ရှုနှစ်ပတ်လည်အတွက် ကဗျာဆရာ နေစိမ့် ချီးမြှင့်သော ကဗျာစာမူ ဖြစ်ပါသည်။)
No comments:
Post a Comment