Monday 22 September 2014

စိတ်​နဲ့ နမ်းမိတဲ့ လမင်း

ကျွန်ုပ်တို့ အဆောင်ရှေ့တွင် အရပ်အမောင်း မြင့်မားခြင်းမရှိသည့် ဝါးပင်လေးများ ရှိသည်။ သုံးရာသီလုံးတွင် အရွက် ခပ် စိပ်စိပ် ရှိနေတတ်သည့် သရက်ပင်လေး တစ်ပင် လည်းရှိသည်။ တကယ်တော့ သရက်ပင်တွေ အများကြီး ရှိခဲ့သည်။ သို့ဖြစ်သည့်တိုင် ဤသရက်ပင် ကလေးမှာ သူ့ကိုယ်လုံး ကိုယ်ပေါက်နှင့် သူ တည်နေဟန်စသည့် ပသာဒဖြစ်ဖွယ် မြင်ကွင်း ကြောင့် တသီးတ သန့်စိတ်မှ အသိအမှတ် ပြုရခြင်း ဖြစ်သည်။

သစ်ပင်များကို ချစ်တတ်ပြီး ဂရုတစိုက် ကြည့်မိ သူတိုင်းသည် ဤသရက်ပင်လေးအား လှသည်ဟု ပြောကြမည်သာ ဖြစ်သည်။ ထို သရက်ပင်ပျို ကလေး အောက်တွင် ကျွန်ုပ်တို့ ဆရာက အုတ်ခုံလေး ပြုလုပ်ပေး ထားသည်။ သရက်ပင် လေး၏ ရှေ့ဘက် မျက်နှာစာတွင် ရေကန် တစ်ကန်ရှိသည်။ နောက် ဘက်မျက်နှာစာမှာ ဒန်းလေး တစ်စီး ရှိသည်။ ယာဘက် တွင်တော့ မိမိ တို့ပင်ကိုယ် သဘာဝအရ အရပ်မျက်နှာ တစ်ခုခုမှ တစ်စုံတစ်ရာ ကို ဦးညွတ်နေဟန်ဖြင့် တည်နေသော ဝါးပင်လေး များရှိ သည်။

ပတ်ဝန်းကျင်ကောင်း၊ ရေ မြေကောင်းကို ကျွန်ုပ်တို့သက်ရှိ သတ္တဝါများအတွက်သာမဟုတ်ဘဲ သက်မဲများအတွက်လည်း လိုအပ်ကြောင်းကို ပထမဆုံးအကြိမ် တွေးမိ ၏။ သရက်ပင်ကလေး၊ ပြီး တော့ သူ့ပတ်ဝန်းကျင်၊ သူ့အနားမှာရှိနေသည့် အုတ်ရေကန်လေး သူ့ ပင်မသွေးကြောများရှင်သန်ဖို့ ရန် မိတ်ဆွေကောင်း ပမာဖြစ်သည့် ပတ်ဝန်းကျင် ဖြစ်သည်။ ဒန်းကလေး တစ်စီးကတော့ သူ့ အနီးနားတွင် အမြဲတစ်စေ သန့် ရှင်း လတ်ဆတ်နေစေဖို့ ဖြစ်ခဲ့သည်။ သို့ဆိုပါလျှင် သူ့လောက်မ လှပသည့် သူ့ ဘေးနားက သစ်ပင်တွေကတော့ရော…။ သူ့အလှ ကို ပိုမိုတောက်ပစေမည့် ပတ်ဝန်းကျင်ပင် ဖြစ်လေလိမ့်မလား။ ကျွန်ုပ်သည် ဤ သရက်ပင်ပျို ကလေးအောက် က ဒန်းပေါ်တွင် ထိုင်ရင်း အတွေးပေါင်းမြောက် များစွာကို တွေးတော ခဲ့ဖူးသည်။ ကောင်းကင်ပေါင်း မျိုးစုံကိုလည်း မြင်ခဲ့ရဖူးသည်။

တိမ်များဖြင့် ထူထပ်နေသော ကောင်းကင်၊ အပြာရောင်ကောင်းကင်၊ တိမ်များ ကင်းစင်နေသည့် ကြည်လင်တောက်ပသော ကောင်းကင် မိုးအုံ့နေသည့်ကောင်းကင်၊ နေသာသည့် ကောင်းကင် စသည်ဖြင့် ကောင်းကင်၏ ကကြိုး ကကွက်များကိုကြည့်ခဲ့ဖူးလေသည်။ ဒန်းကလေးသည် ကျွန်ုပ်အတွက် စိတ်ရော ကိုယ်ပါထိုင်ခဲ့သည့် နေရာလေး တစ်နေရာဖြစ်သည်။ ဤနေရာတွင် နှင်းစက်တို့ ဖြင့် အေးမြနေသောညများဖြစ် ထွန်းခဲ့ဖူးသည်။ ခြင်တို့သည် ဆာလောင်မွတ်သိပ်စွာဖြင့် ပျံဝဲနေခဲ့ ကြဖူး သည်။ ကောင်းကင်ကို ကြည်လင် ထွန်းလက် စေသည့် လပြည့်ညများ၊ မှောင်ရိပ်တို့ ကွန်းခိုနေသည့် လကွယ်ညများ၊ ကြယ်စင်များကို ဖွက်သိမ်းထားသည့်ညများ.. စသည်ဖြင့် ညပေါင်းများစွာကို ဤ ဒန်းလေးပေါ်မှ ကြည့်နေ ခဲ့ဖူးသည်။ တစ်ခါတရံတော့ မိမိဘဝတွင် အရေးပါနေရာယူခဲ့သည့် သူငယ်ချင်းတစ်ချို့တစ်လေနှင့် အတူ ထိုင်ခဲ့သည်။

လူ့ဘဝ၏ သောက ဒုက္ခနှင့် အတွေးသက်သက်များကို အဖော်ပြုပြီး ထိုင်နေသည့် နေ့စွဲများလည်း ရှိခဲ့သည်။ အချက်အလက်ကင်းမဲ့ကာ ဆုံးဖြတ် ချက်တစ်ခုခုအတွက် ဦးတည်မနေသည့် တွေးတောမှုများဖြင့် ကုန်ဆုံးခဲ့သည့် အချိန်များလည်း ရှိပါသည်။ မည်သို့ပင်ဖြစ်စေ ဤဒန်းကလေးနှင့် ဤသရက်ပင်ကလေးကို ကျေးဇူးတင် သည်။ အရောင်မျိုး စုံပြောင်းလဲတတ်သည့် ညများက ကြိုးစုံသည့် ကောင်းကင်များကိုလည်း ကျေးဇူးတင်ပါသည်။ ကျွန်ုပ်အတွက် စိတ်ရောကိုယ်ပါ သက်သောင့် သက်သာ ဖြစ်မှုကို အကြိမ်ပေါင်းများစွာ ပေးနိုင်လေ သောကြောင့်ဖြစ်သည်။

(၂)

တကယ်တော့ ဒန်းစီးရခြင်းသည် လူ့ဘဝကိုရောက်ရှိရခြင်းနှင့် ခပ်ဆင်ဆင် တူလှပါသည်။ ဒန်းပေါ်သို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် ဒန်းသည် အနည်း နှင့် အများ တော့ လှုပ်ခတ်သွားရသည်သာ ဖြစ်သည်။ ဒန်းဆိုတာ လူတွေကို ယိမ်းထိုး လှုပ်ခတ်ပေးဖို့အတွက် အဆင်သင့်ဖြစ်နေရသည့် တစ်စုံတစ်ရာ ဖြစ်သည်။ ဘဝ ဆိုတာ လောကဓံ ရှစ်ဖော်တို့ဖြင့် ယိမ်းထိုးလှုပ်စရာ အရပ်ဒေသ တစ်ခုလို ပင်ထင်မြင်ရ သေးသည်။

တစ်ခါတရံတွင် မိမိလိုအပ်သော အနေအထားကို ရရှိဖို့ ကိုယ်တိုင် လှုပ်ခတ်ပေးရသည်များလည်း ရှိသည်။ ဒန်းတစ်စီးတွင် ရှေ့သို့တိုးခြင်းသည် နောက်သို့ ဆုတ်ရန် အတွက်ဖြစ်ပြီး နောက်သို့ဆုတ်ခြင်းသည်လည်း ရှေ့သို့ တက်ရန်ဖြစ်ခဲ့သည်။ လူ့ဘဝတွင် ရှေ့သို့တက်သည်ဟု ထင်ရသော်လည်း နောက်သို့ ဆုတ်ရန် အကြောင်း ဖြစ်ချင် ဖြစ်နေတတ်သည်။ ဤသို့ ရှေ့တိုးနောက်ဆုတ်ဖြင့် ယိမ်းယိုင် လှုပ်ခတ်နေရခြင်းသည် လူ့ဘဝ၏ အသက်ရှင်ရခြင်း ပေလောဟု တွေးမိရသေးသည်။ ပြောင်းလဲခြင်း ပေါင်းမြောက်များ စွာဖြင့် ကျွန်ုပ်တို့သည်မည်မျှ ယိမ်း ထိုးခဲ့ကြပြီနည်း။ မည်မျှလှုပ်ခတ် ခဲ့ကြပြီနည်း။လောကဓံကြိုးများ အောက်တွင် ကျွန်ုပ်တို့သည် မည်မျှ ရုပ်သေး ကခဲ့ကြရ ပါသနည်း။

သံသရာ၏ နက်မှောင်ပြိုး ပြတ်သောဆံနွယ်များကိုတပ်မက် စွာနမ်းရှိုက်ခဲ့သည့်ဘဝပေါင်းများစွာကို ကျွန်ုပ်တို့မမြင်နိုင်ခဲ့ကြပေ။ လောက၏ ဆေးဆိုးပန်းရိုက် မျက်နှာ ကို ကျွန်ုပ်တို့သည် မျက်မှန်စိမ်းတပ်ပြီး ကြည့်ခဲ့ကြသည်။ ယင်းသို့ဖြစ်သည့်တိုင် ကျွန်ုပ် ကတော့ဖြင့် လောက၏ အလှတရားကို ကြည့်မြင်ချင်သူသာ ဖြစ်သည်။ သာယာဖွယ်ကိုတွေ့ရှိသေး လိုသူသာ ဖြစ်သည်။ အဖြူအမည်း မသဲကွဲချင်သည့် စိတ်မျက်စိဖြင့် လောက၏ အလှကို ရှာဖွေနေမိ လေ့ရှိသည်။ “ရှာလျှင်တွေ့သည်” ဆိုသော ဆိုရိုးစကားသည် ချွင်းချက်မဲ့ မှန်ကန်သည့် အဆိုစကာ မဟုတ်ခဲ့ သော်လည်း ကျွန်ုပ်နှင့် ဒန်းကလေးသည် အလှတချို့ကိုတော့ဖြင့် မြင်တွေ့ ခဲ့ရသည်။

(၃)

လပြည့်ည…..။ ထိုညသည် လပြည့်ည ဖြစ်ခဲ့သည်။ လပြည့်ညဟူသော အသိကိုစောစီး စွာရရှိခဲ့ဖို့ ကောင်း သော်လည်း ဂျူး၏ “ချစ်သူရေးတဲ့ ကျွန်မညတွေ” က လပြည့်ကို အသိအမှတ်ပြုဖို့ နောက်ကျနေစေခဲ့သည်။ အမေ့ထံမှ “သား ကောင်းကင်ကိုကြည့် ပါ၊ လဟာပြည့်နေတယ်၊ အမေနဲ့ သားနဲ့ လကို အတူကြည့်မယ်၊ ပြီး တော့ သားနဲ့ အမေ လထဲမှာဆုံမယ်၊ လထဲမှာ အမေ သားကို တွေ့မယ်” ဟူသော ကဗျာဆန်ဆန် မက်ဆေ့ခ်ျရောက်လာမှသာ ဒန်းပေါ်သို့သွားပြီး လပြည့်ညကို ကြည့် မိတော့သည်။ ဒန်းကလေးပေါ်မှ လပြည့် ညသည် တောက်ပမှု လိုအပ်နေသယောင် ခံစားနေမိသည်။ ဤ လပြည့်သည် သရက်ရွက်များ ကြားမှ မြင်ရသော လမို့များ လားဟု တွေးမိသေးသည်။

မဟုတ်နိုင်ပါ။ ဝါဆိုလပြည့်နေ့ လပြည့်သည် ဘာကြောင့်များ တန်ဆောင်းမုန်းလ ပြည့်ညက လရောင်လောက် တောက်ပမှု မရှိရတာလဲ။ ဘာကြောင့် တိမ်တိုက်များကို ပါ လင်းမသွားစေနိုင် ရတာလဲ။ လပြည့်ညဟူသော အမည်နာမချင်း တူညီပါလျက်နှင့် အဘယ်ကြောင့် အလင်းချင်း မတူညီရတာလဲ။ အခင်းများကို နှိုင်းယှဉ်မိခြင်းက ကျွန်ုပ်အား လှပသော ရသကိုခံစားဖို့ နောက်ကျနေစေခဲ့သည်။ လပြည့်ညများသည် မည်သည့်လပြည့်ညမှာဖြစ်စေ တစ်ပြေးညီတည်း လင်းရမည်ဟု သတ်မှတ်ထား မှု မရှိပါ။ အလင်းသည် လင်းချင်သလို လင်းမည်သာဖြစ်သည်။ အနည်းငယ် အားပျော့ ကောင်းပျော့နိုင်သည်။ တိုးထွက် စူးရှကောင်းစူးရှ နေမည်ဖြစ်သည်။

ဝါဆိုလပြည့်ညသည် ကျွန်ုပ်အား ဂရုထားနေမည်မဟုတ်ဘဲ ကမ္ဘာလောကကို လှည့်ပတ်သွားမည် သာဖြစ်သည်။ ဒီလိုတော့ဖြင့် မဖြစ်သေးပေ။ ဓမ္မစကြာ ဟောတော်မူ ခဲ့သော နေ့က သာလင်းခဲ့သော အရှင်ကောဏ္ဍည၏ လမင်းသည် သာမညဖလ ဟောတော်မူသောနေ့က အဇာတသတ်မင်း၏ လမင်း လောက်မလှပါဘူးဟု တစ်စုံတစ် ယောက်ကငြင်း ဆိုချင်သေးလျှင်လည်း ကျွန်ုပ်က မိဂဒါဝုန်တော မှာ သာသည့်လကိုသာ ရွေးချယ် မိမည်ဖြစ်သည်။ ဟုတ်သည်။ ကျွန်ုပ်က မည်သည့် လမင်းကိုမဆို ချစ်တတ်သူ ပေပဲ။ မည်သည့် ညခင်းကိုမဆို ချစ်တတ်သူ ပေပဲ။ တစ်ခြမ်းပဲ့ လမင်းမှာတောင် ပဲသူ့ အလှနှင့် သူတော့ ရှိနေခဲ့သည် ပဲလေ။

(၄)

“စင်စစ်အားဖြင့် လမင်းသည် ကမ္ဘာလောကကြီးကို ချစ်ခင်မြတ်နိုးဖွယ်ရာအဖြစ် အမှတ်ရစေသူပင်ဖြစ်၏။ ဘဝ၏ အဆုတ်၊ အတက်၊ အတိုး၊ အလျော့ အနိမ့်၊ အမြင့် တို့ ကို ပြသနေသူ လည်းဖြစ်၏။ ထို့ပြင် အမှောင် နောက်တွင် လိုက်ပါလာသော အလင်း၊ သေခြင်းတရား၏နောက်တွင် ကပ်ပါလာသော ပြန်လည် ရှင်သန်းခြင်း၏ သံသရာ လည်တတ်ခြင်းတို့ကိုလည်း သတိရစေ သူဖြစ်သည်။” “လမင်းသည် အစဉ်ပြောင်း လဲနေ၏။

သို့တိုင် တသမတ် တည်းဖြတ်သန်းနေသူလည်းဖြစ်၏။ ထိုလမင်း၏ အပြောင်းအလဲ အဆင့်ဆင့်ကို ကျွန်ုပ်မပြတ် စောင့်ကြည့်နေမိသည်။ ချုပ်ညရီတွင် ရှည်လျားသော အရိပ်များ အောက်ရှိ စိတ်လှုပ်ရှားခံစားဖွယ် ရာညများ ညလယ်တွင် လမင်း၏ နက်ရှိုင်းငြိမ်သက်စွာ ဖြန့်ကျက် နေခြင်းများ၊ လမင်း၏အသက်ရှူ ရင်ခုန်သံများ၊ မလွဲ မသွေ ရောက်ရှိလာတော့မည့် နေ့သစ်ကို သယ်ဆောင်လာသည့် တီးတိုးစကားများ အားလုံးကိုပင် စောင့်ကြည့် မိသည်။”

“ နေ့များ လများကို ရေတွက်ရာ၌ လမင်းသည် မည်မျှအထောက်အကူပြု ခဲ့ပါသနည်း။ လမင်းကို မြင်တွေ့နေရသောအချိန်များ၌ လစဉ် အချိန်ပိုင်းများရှိ နေ့ ရက်များ ၏ အတိုင်း အဆကို မည်မျှတိကျမျှတစွာ တိုင်းတာပေးနိုင် ခဲ့ပြီနည်း။ လမင်းသည် လူတို့အတွက် အလွယ်ကူ အရှင်းလင်းဆုံးသော ပြက္ခဒိန်တစ်ချပ်ပင်ဖြစ် လေသည်” ဟုဆိုသော ဂျဝါလ ဟာနေရူး၏ စကားများကို သတိ ရမိတော့ ကျွန်ုပ်လမင်းများအား လုံးကို ပြည့်ဝစွာ လက်ခံပြီး ချစ်တတ်သွားပါသည်။ ငြိမ်ဆိတ်စွာ စဉ်းစားတွေး တောမိနေသော ကျွန်ုပ်ထံသို့ သွေးဆာ နေသည့် ခြင်အုပ်စုက ဝင်ရောက်ဖွဲ့အုံလာတော့မှ ဒန်းကလေးကို လွှဲဖို့သတိရမိသည်။

ဒန်းကလေးကို လွှဲစီးလိုက်တော့ သွေးစုပ်ဖို့ စုဝေးရောက်ရှိလာသည့် ခြင်များမှာ ဒန်းကလေးဆီမှ တိုးထွက်လာသော လေအဟုန် ကိုကြောက်ရွံ့ထိတ်လန့်ဟန်ဖြင့် ပြန်လည် ထွက်ခွာသွား ကြတော့သည်။ ဒန်းကလေးသည် ကျွန်ုပ်အတွက် အနံ့အသက်မထွက်ဘဲ ခြင်များကို ကာကွယ်ပေးနိုင်သည့် ယပ်တောင်တစ်ချောင်းလည်း ဖြစ်ပြန်ပါသေးသည်။ ကောင်းကင်ကို ပြန်လည် မော့ကြည့် သောအခါ လမင်းသည် တိမ်တိုက်တစ်ခုကို ကျော်ဖြတ်ဖို့ အားယူနေတာကို မြင်တွေ့ရသည်။ ငြိမ်သက်စွာ လှည့်ပတ် နေသောလမင်းသည် မည်မျှလှပ လိုက်ပါသနည်း။ မည်ကဲ့သို့သော မငြိမ်သက်သည့် တိမ်တိုက်ကမျှ ဤလမင်းကို ဆွဲငင်ယူဆောင် ထားနိုင်မည်မဟုတ်။ ကမ္ဘာကို ပတ်နေသည့် သူ့ခြေလှမ်းများကို မည်သည့် တန်ခိုးရှင်ကမျှ တားဆီး နိုင်မည်မဟုတ်ချေ။

ဤသို့ဖြင့် ဒန်းကလေးနှင့် ကျွန်ုပ်သည် လောကထဲကလမင်း သဘာဝထဲက လမင်းကိုမြင်တွေ့ ခဲ့ရသည်။ လောကထဲက အလင်း သဘာဝထဲက အလင်းသည် ဖျော့ တော့ သည်ဟု ထင်မှတ် မိနိုင်သည့်တိုင် ချစ်နိုင်သည့် စိတ်ထား ရှိခဲ့ပါလျှင် ပါးလျသောလမင်းဖြင့်ပင် လင်းနိုင်ပါသည်။ ဆေးစက်တွေ ကွာကျကာ ရာသီဥတုဒဏ်ကို မလွှဲသာမ ရှောင်သာခံ ယူနေရ သော်လည်း ကျွန်ုပ်၏ဒန်းကလေးကတော့ဖြင့် သရက်ပင်ပုလေးအောက်တွင် ခိုင်မာတည့်မတ်စွာ ရပ်တည်နေ နိုင်ဆဲပင်ဖြစ်သည်။ ဝါးပင်များက လေယူရာယိမ်းပြိး သူ့ထံသို့ဦး ညွတ်သည့် အမူအရာ ကိုပြသောအခါ ဒန်းကလေးက ပျော်ရွှင်စွာ ရယ်မောကာ လရောင်၏ အနမ်း ကိုခံယူပါလိမ့်မည်။


သားအေးည

No comments:

Post a Comment